Saturday, November 8, 2008

နအဖစစ်တပ်က ကျေးရွာများတွင် တပ်သားသစ်စုဆောင်း

ရိုးမ ၃။ နိုဝင်ဘာ ၈၊ ၂၀၀၈

နယ်မြေခံစစ်တပ်မှ ကျေးရွာများတွင် အဓမ္မစစ်သားစုဆောင်းခြင်းများ ပြုလုပ်နေပြီး တပ်သား သစ်မရရှိပါက ငွေကြေးတောင်းယူခြင်းများ ပြုလုပ်နေသည်။

ယခုလဆန်းပိုင်းမှစ၍ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အခြေစိုက် ခလရ (၆၀) လက်အောက်ခံ ခမရ (၂၆၄) တပ်မှ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် တရွာလျှင် တယောက်နှုန်းဖြင့် တပ်သားသစ် စုဆောင်းနေလျှက်ရှိသည်။

ထိုကဲ့သို့ စစ်သားစုဆောင်းရာအတွင် တပ်သားသစ်မပေးနိုင်သည့်ကျေးရွာများကို ငွေကျပ် (၂၅၀,၀၀၀) ပေးဆောင်ရမည်ဟု အမိန့်ထုတ်ထားကြောင်း ဒေသခံများက ပြောသည်။

ကျောက်ကြီးမြို့နယ်အတွင်းရှိ ပတ္တလား၊ ဝက်လာတော၊ ကျွဲတလင်း၊ မမရမ်း၊ လယ်ပိုင်ကြီး၊ ဒေါင်းပုတ်၊ အေးလက်၊ ကျောက်ခဲကြီး၊ ဂမုန်းအိုင်၊ နံသာကွင်းကျေးရွာအုပ်စုများတွင် ယင်းကဲ့သို့ အဓမ္မ စစ်သားစုဆောင်းနေခြင်းဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းမှစတင်ကာ ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်နှင့် နမ့်ဆန်မြို့နယ်များတွင် ခလရ (၁၃၀) တပ်ရင်းမှ အတင်းအကြပ် စစ်သားစုဆောင်းခြင်းများ ပြုလုပ်နေလျှက်ရှိသည်။


No comments: