Sunday, November 2, 2008

ကမ္ဘာ့စီးပွားရေး အကျပ်အတည်းက မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိခိုက်

ဇာနည်

ချင်းမိုင်။ ။ ကမ္ဘာ့စီးပွားရေး ကမောက်ကမ ဖြစ်နေသော အကျိုးဆက်က ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများကို စတင် ထိခိုက်လာနေသည်ဟု ယူဆရဖွယ်ဖြစ်ပြီး နောင်နှစ်တွင်လည်း အလုပ်အကိုင် ရှားပါးမှု ပိုလာဖွယ် ရှိသည်။

လောလောဆယ်တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ စက်ရုံအလုပ်ရုံများအနက် ထက်ဝက်နီးပါးမှာ ကုန်မှာယူမှု မရရှိသဖြင့် ခေတ္တရပ်နားခြင်း (သို့မဟုတ်) အလုပ်သမား လျော့ခြင်းများ ပြုလုပ်ထားကြသည်။

"အခုလောလောဆယ် အခြေအနေမှာ နှစ်ကုန် low season (ကုန်အမှာနည်းသည့်ကာလ) ဖြစ်နေတဲ့အတွက် အော်ဒါ (ကုန်မှာယူမှု) တွေလည်း နည်းပါးတော့ တချို့အလုပ်သမားတွေ အိမ်ပြန်ရတာတွေ ရှိတယ်။ တချို့လည်း လစာရဲ့ တဝက်ပေးပြီး နားခိုင်းလိုက်တာတွေလည်း ရှိတယ်" ဟု စက်ရုံများ ရပ်နားရမှုနှင့် ပတ်သက်ပြီး ထိုင်းစက်မှုလုပ်ငန်း ဖက်ဒရေးရှင်း တပ်ခ် ခရိုင်ဥက္ကဌ မစ္စတာ ချိုင်းယုဒ် ဆေဏီးတန်းတိကွန်း (Mr.Chaiyuth Seneetantikul) က မဇ္ဈိမကို ပြောသည်။

လာမည့်နှစ်အတွင်း တပ်ခ်ခရိုင်အတွင်း ကုန်ထုတ်လုပ်ငန်းများသည် ၃၀ ရာနှုန်းအထိ ကျသွားနိုင်ပြီး ကျောက်မျက်စက်ရုံများ၊ လျှပ်စစ်ပစ္စည်း စက်ရုံများ ပိတ်ပစ်ရသည့် အဆင့်အထိ ရောက်သွားနိုင်သည်ဟု သူက ခန့်မှန်းပြောဆိုသည်။

အကျိုးဆက်အဖြစ် အလုပ်သမားများ လျှော့ချရမှုများ ဖြစ်လာနိုင်ပြီး ၁၀ ရာနှုန်းမှာ အလုပ်မှ နားရမည့် အခြေအနေများ ဖြစ်ပေါ်လာမည်ဟု သူက ခန့်မှန်းထားရာ ထောင်ပေါင်းများစွာသော မြန်မာလုပ်သားတို့ ထိခိုက်ဖွယ်ဖြစ်သည်။

တပ်ခရိုင်တွင်းရှိ မြို့တမြို့ဖြစ်သော မဲဆောက်တွင် အထည်ချုပ်စက်ရုံနှင့် သိုးမွေးစက်ရုံ အပါအ၀င် စက်ရုံအလုပ်ရုံပေါင်း ၂၀၀ ကျော်တို့တွင် အလုပ်လုပ်နေသော အလုပ်သမားအများစုမှာ မြန်မာလူမျိုးများသာဖြစ်ပြီး စုစုပေါင်း ၂ သိန်းနီးပါး ရှိနေကြောင်း ထိုင်းအခြေစိုက် MAP တိုင်းရင်းသားအလုပ်သမား ကျန်းမာရေးနှင့် ပညာပေးအစီအစဉ်၏ ၂၀၀၈ ခုနှစ် ကိန်းဂဏန်းများက ဖော်ပြထားသည်။

"တကယ်လို့ အလုပ်သိပ်မရှိဘူး ဆိုရင် အလုပ်သမားတွေ နားခိုင်းရမယ်ဆိုရင် ထိုင်းအလုပ်သမား ဥပဒေအရ သူတို့ခံစားထိုက်တဲ့ လျှော်ကြေးငွေတွေ ရရှိခံစားခွင့် ရှိပါမယ်။ ထိုင်းရော မြန်မာအလုပ်သမားတွေကိုရော ခြုံပြီး ပြောတာနော်" ဟု Mr. Chaiyuth Seneetantikul က ဖြည့်စွက်ပြောပြသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ - JACBA မှ ဥက္ကဌ ကိုမိုးကြိုးက "တချို့စက်ရုံတွေက အလုပ်သမားတွေကို လျှော့ချတယ်ဆိုပြီး ပြောတာပေါ့နော်။ အလုပ်သမားပေါင်း ၄၀၀ ကျော်ပေါ့။ မြန်မာပြည်ပြန်တဲ့သူတွေ ပြန်ကုန်ကြတယ်။ ကျန်ခဲ့တဲ့ သူတွေကတော့ ဒီမှာပဲ ပိန်လိမ်ပြီး နေနေကြတယ်" ဟု ပြောသည်။

ပုံမှန်အားဖြင့် နိုဝင်ဘာလမှသည် မတ်လအတွင်း သိုးမွေးနှင့် အထည်ချုပ်စက်ရုံများတွင် အလုပ်အမှာစာ ရရှိမှုနည်းပါးသဖြင့် လုပ်သားလျော့ချမှု ပြုလုပ်လေ့ရှိရာ လုပ်သားများမှာ တောင်ယာ၊ ဆောက်လုပ်ရေး၊ ဥယာဉ်ခြံမြေနှင့် အခြားသော စက်ရုံများသို့ သွားရောက်လုပ်ကိုင်လေ့ ရှိသည်။

သို့သော်လည်း ယခုနှစ်တွင် အလုပ်အကိုင်များ ရှားပါးလာသောသည်ဟု အလုပ်သမားသမဂ္ဂကများက ပြောကြသည်။

"သိုးမွေးစက်ရုံတွေက အဆိုးဆုံးပေါ့နော်။ ကျနော်တို့နားက စက်ရုံတခုဆိုရင် အော်ဒါမရှိတော့ဘူးဆိုပြီး ပိတ်လိုက်တယ်။ အလုပ်သမားက ၂၀၀ လောက်ရှိတယ်။ သူတို့ကို ခွင့်ပေးတယ်ဆိုပြီး ပြန်လွှတ်လိုက်တယ်လေ" ဟု မဲဆောက်မြို့မှ မြန်မာအလုပ်သမားတဦးက ပြောပြသည်။

သာမန်အားဖြင့် သိုးမွေးစက်ရုံများ အလုပ်ကောင်းသော ကာလသည် မတ်လလယ်ခန့်မှ အောက်တိုဘာ လကုန်အထိ ဖြစ်သည်။

ယခုနှစ် စက်ရုံအလုပ်ရုံများ နားသော အချိန်သည် ယခင်နှစ်များထက် ၁ လ စောနေပြီး အခြား လုပ်စရာ ဆောက်လုပ်ရေးလုပ်ငန်း စသည်တို့လည်း ပါးလာ၍ အလုပ်ရှာဖွေရန် ခက်ခဲနေသည်။

မြန်မာလုပ်သားများရေးရာ လုပ်ကိုင်နေသည့် အဝေးရောက် ဧရာဝတီအသင်းမှ ဥက္ကဌ ဦးသောင်းလှိုင်က "ဒီမနက်ကတင် ၂ ယောက်ကို မြန်မာပြည် ပြန်ပို့ပေးသေးတယ်။ နောက် ၄ ယောက်ကတော့ ဒီမဲဆောက်မှာပဲ တခြား အလုပ်ဝင်သွားတယ်" ဟု ပြောသည်။

အချို့ကတော့ မဲဆောက်မှသည် ကီလိုမီတာ ၅၀၀ ဝေးကွာသော မြို့တော် ဘန်ကောက်သို့ပင် သွားရောက် အလုပ်ရှာလေ့ ရှိသည်။

"ကျမအခု အပြင်မှာ ခြံလုပ်တယ်။ ပဲစိုက်ရတာပေါ့။ လခက တရက်မှ ဘတ် ၈၀ ရတယ်။ နေရေးစားရေး အဆင်မပြေတော့ဘူး။ အလုပ်ကောင်းတာ ထပ်မရရင် မြန်မာပြည်ပဲ ပြန်ရမှာပဲ " ဟု စက်ရုံ အလုပ်သမတဦးဖြစ်သူ မခင်စန္ဒာက ပြောသည်။

မဲဆောက်မြို့ရှိ စက်ရုံများမှာ ဥရောပနှင့် အခြား ပြည်ပနိုင်ငံများမှ အထည်ချုပ်နှင့် သိုးမွေးထည် အော်ဒါများကိုသာ ချုပ်လုပ်တင်ပို့ခြင်း ဖြစ်သည်။


No comments: