Sunday, November 2, 2008

သူတောင်းစားနဲ့ စကော်လာ

ဖြိုးဝင်းနောင်


လမ်းပျောက်တယ်ဆိုတာ လူ့ဘ၀မှာ ဖြစ်တတ်ပါတယ်။ ဖြစ်ချင်ရာဖြစ်ဆိုပြီး တခုခုကို ရွေးချလိုက်ချင်တာတောင် ရွေးစရာ ဘာမှ မရှိတော့တာမျိုးတွေ။ ရှေ့တိုးထမ်းပိုး နောက်ဆုတ် လှည်းတုတ် ဆိုတာလို ဘာရွေးရွေး အကောင်းတခုမှ မကျန်တာမျိုးတွေ။


ဓမ္မာရုံထဲမှာ၊ ကရုဏာနဲ့ နေရာပေးထားတဲ့ ဘုန်းကြီးကျောင်းဝင်းတွေထဲမှာ ဖြစ်သလို အိပ်နေကြတဲ့လူတွေကို ကြည့်လိုက်ရင် သူတို့ လမ်းပျောက်နေပြီဆိုတာ စာနာနိုင်ပါတယ်။ ဒါ ခဏတာ ကွန်းခိုရာ။ ဒါပြီးရင် ဘယ်ဆက်သွားမလဲ။ ဘာဆက်လုပ်မလဲ။ ဘာတွေ ဆက်ဖြစ်လာမလဲ သူတို့ကိုယ်တိုင်လဲ မရေရာတဲ့ ဘ၀တွေ။

လမ်းဘေးမှာ အုပ်စုလိုက် အလှူရှင် မျှော်နေကြတဲ့ တောသူတောင်သားတွေဆိုဟာ အရင်ကဆို မနက် နေလုံးအပြည့်မပေါ်ခင် လယ်ထဲ ရောက်နှင့် နေကြတဲ့ လူတွေ။ တနေ့လုံး နွားနဲ့ဖက်ရုန်း၊ နည်းနည်းလေး တတ်နိုင်ရင် ဂွမ်ဒေါင်း လက်တွန်းထွန်းစက်လေး ဖက်ရုန်းပြီး ရွံ့ထဲဗွက်ထဲ မိုးရေထဲမှာ တနေကုန် ရုန်းကန်နေကြတဲ့လူတွေ။ တနေကုန် ပင်ပန်းတော့ ညဆို ခေါင်းချတာနဲ့ တုံးခနဲ အိပ်ပျော်၊ စိတ်ငြိမ်ဆေးတွေ အိပ်ဆေးတွေ ဘာမှ မလိုတဲ့ ကျေးလက်။ မြို့သားတွေ အလုပ်ပင်ပန်းတယ်ဆိုတာ တောကလူ ရယ်တာပေါ့။

လမ်းဘေးမှာ ဒီလို အုပ်စုလိုက် ထိုင်ပြီး အလှူရှင် မျှော်နေရတဲ့ဘ၀ ဒီလို ရောက်မယ်ဆိုတာ သူတို့ ဘယ်ထင်ရှာမလဲ။ တချို့လဲ မျှော်လင့်ချက်မဲ့ပြီး ဘ၀မှာ ဖြစ်ချင်ရာ ဖြစ်ပေစေတော့ဆိုတဲ့ မျက်လုံးတွေနဲ့။ လယ်တွေပျက်၊ အိမ်တွေပျက်၊ မိသားစုဝင်တွေလဲ ဆုံးတဲ့လူ ဆုံးရှုံးပြီး လမ်းဘေးမှာ သုညဘ၀ ရောက်သွားရရှာတဲ့ လူတွေ။

သူတို့နေရာမှာ ကျနော်ဆိုရင် “ကေသရာဇာ မြက်မစားဘူးဟေ့”လို့ မာနိုင်မလား စဉ်းစားကြည့်ပါတယ်။ ငတ်သေချင် သေပေစေ၊ လမ်းဘေးမှာတော့ ထိုင်မတောင်းဘူးကွာ ဆိုပြီး။

ကျနော် လေးလွှာတိုက်ခန်းမှာ နေပါတယ်။ ကိုယ်ပိုင် မ၀ယ်နိုင်တဲ့ အငှားပေမယ့် မြို့ပြမှာတော့ ဈေးမသေးပါဘူး။ သဘာဝဘေးတခုခုကြောင့် ကျနော်နေတဲ့ တိုက် ပြိုကျသွားလို့ ကျနော့်တိုက်ခန်းလေး ပြန်ကြည့်စရာ မကျန်အောင် ဆုံးသွားပြီ ဆိုပါတော့။ ကျနော် ဘယ်သွားနေမလဲ။ ဆွေမျိုးမိတ်ဆွေတွေ အိမ်တွေလဲ ထိုနည်းလည်းကောင်း ဖြစ်သွားပြီ ဆိုပါတော့။ ကျနော်လဲ နေစရာမရှိရင် လမ်းဘေးအိပ်ရမှာပါ။ မုန်တိုင်းမိပြီး သူတို့ တဲလေးတွေ၊ ပျဉ်ထောင်အိမ်တွေ ပြိုပျက်သွားတဲ့ လူတွေလဲ တိုက်ကြီး ဆုံးရှုံးတဲ့လူ၊ ကွန်ဒိုကြီး မီးလောင်သွားတဲ့လူ ခံစားရသလိုတော့ ခံစားရမှာပဲ။ ဒါလဲ သူတို့ ချွေးနှဲစာနဲ့ ထူထောင်ထားရတဲ့ ရှိစုမဲ့စုပဲလေ။

အခု တလကို သိန်းဂဏန်းတော်တော်များများ ၀င်ငွေရှိနေတဲ့ ကျနော့်သူငယ်ချင်းတယောက် သူ့ဘ၀ကြမ်းကို ပြန်ပြောပြဖူးပါတယ်။ တခါတုန်းက တောင်းတောင် စားခဲ့ရဖူးတယ်တဲ့။ သူ့လက်ရှိ ဘ၀အခြေအနေကို ကြည့်ပြီး ဘယ်သူမှ ထင်မှာ မဟုတ်ဘူး။ သူ ပြောပြတဲ့ တောင်းစားတယ်ဆိုတာ မိတ်ဆွေတွေ အသိအကျွမ်းတွေဆီက အကူအညီတောင်းခဲ့ရတာကို ပြောတာ မဟုတ်ဘူး။ သူများမြို့ရွာ ရောက်သွားပြီး ဆင်းရဲဒုက္ခတွေနဲ့ မပြေလည်တဲ့ တချိန်တုန်းက လမ်းဘေးမှာ ထိုင်တောင်းခဲ့ရတယ်တဲ့။ ဒီသူငယ်ချင်းဟာ အခု နာဂစ်ဘေးအတွက် အလှူငွေတွေ ထည့်လို့၊ မုန်တိုင်းကြောင့် ဒုက္ခရောက်သွားတဲ့လူတွေကို သိန်းနဲ့ချီ ကူညီလို့ သူကိုယ်တိုင်လဲ မိုဘိုင်းဖုန်းနဲ့၊ သူ့အိမ်မှာ ခေတ်ပေါ်ပစ္စည်း အစုံနဲ့ပါ။ ကျနော်တို့ သူငယ်ချင်းနှစ်ယောက် သိတဲ့ လျှို့ဝှက်ချက်ကို ကျနော် ခုလိုပြောတာ ဘယ်သူဘယ်ဝါမှန်း မသိနိုင်တာမို့ ဒီကောင် စိတ်မဆိုးပါဘူး။ ချမ်းသာနေတဲ့ လူတချို့တောင် တခါတုန်းက မထင်တဲ့ဘ၀ကို ရခဲ့ဖူးတယ်ဆိုတာ ပြောချင်တာပါ။ လက်ထဲ တပြားမှ မရှိတော့တဲ့ အချိန်မှာလဲ ဗိုက်က အချိန်တန် ဂွီဂွီဂွမ်ဂွမ် မြည်မှာပဲ။ စားစရာ မရှိရင် သူဖြစ်ဖြစ် ကျနော်ဖြစ်ဖြစ် ဘယ်လို လုပ်မလဲ။

အလုပ်လုပ်ပေါ့ဆိုတာက ပြောရတာ လွယ်ပါတယ်။ တနေရာဝင် တနေရာထွက် အလုပ်လိုက်တောင်းပြီး မရတာတွေ အများကြီး။ သူများမြို့ရွာမှာ တစိမ်းဆို ပိုဆိုးသေး။ ကျနော် ပြောချင်တာက ငတ်လွန်းတဲ့ အချိန်ဆို ကိုယ့်ထက် ပိုရှိမယ့်သူကို အကူအညီ မျှော်မိတဲ့ သဘာဝကိုပါ။ အခု ဘိုကလေးမှာ၊ ဒေးဒရဲမှာ လမ်းလေးမှာ အလှူရှင် မျှော်နေတဲ့ လူတွေကို “ငါသာ သူတို့နေရာမှာဆိုရင်” ဆိုတဲ့ စာနာစိတ်လေး ထားကြည့်ပေးကြဖို့ပါ။ “ဒါ သူတောင်းစားအလုပ်တွေ၊ ကိုယ့်လူမျိုး သိက္ခာကျမယ်” ပြောနေတဲ့ မာနရှင်တွေ ဒီလို ပြောမယ့်အစား ရှိတာလေးတွေ သွားဝေငှပေးရင် ပိုမကောင်းဘူးလားဗျာ။ တသက်မှာ တခါမက မတောင်းဖူးတဲ့လူတော့ မရှိလောက်ပါဘူး။ ကိုယ့်မိဘဆီက၊ ဆွေမျိုးတွေဆီက တောင်းဖူးကြမှာပါပဲ။ ဒါ ငါ့မိသားစုဆီက တောင်းတာ၊ တစိမ်းဆီက တောင်းတာ မဟုတ်ဘူးဆိုရင် ကျနော်တို့လဲ ဒီဒုက္ခသည်တွေကို တစိမ်းလို သဘောမထားဘဲ ဘ၀တူ လူသားချင်းဆိုတဲ့ စိတ်နဲ့ သွေးသားလို သဘောထား ကူညီနေတာပါ။ အတူတူပါပဲ။ ခင်ဗျားတို့ ပိုက်ဆံတောင်းရင် မိဘတွေ၊ အမျိုးတွေက ပေးသလို၊ မတောင်းဘဲ ပေးရင်လဲ ခင်ဗျားတို့ လက်ဖြန့်ခံသလို ကျနော်တို့လဲ ဒီဒုက္ခသည်တွေကို အစားအစာ ဒီနည်းနဲ့ ပေးနေတာပါ။

သူတို့ လယ်တွေ ပြန်လုပ်နိုင်တဲ့အခါကျတော့ သူတို့ဆီ ကျနော်တို့ သွားလည်ကြမယ်လေ။ အဲဒီကျရင် တောသူတောင်သား သဘာဝ ရှိတာ အကုန်ချကျွေးမှာပဲ။ သူတို့ဆီက တပြန်တလှည့် ဗိုက်ကားအောင် စားကြတာပေါ့။ တောကို အလည်သွားဖူးတဲ့ မြို့သားတွေ သိပါတယ်ဗျာ။ ရွာကို ဧည့်သည်ရောက်ပြီဆို သိသိမသိသိ ဟိုအိမ်ကဖိတ်၊ ဒီအိမ်က ဖိတ်နဲ့ ထမင်းကျွေးကြလွန်းလို့။ တောကပြန်ရင် လူတွေ ၀,၀,သွားတယ်တောင် ပြောယူရမှာ။

သူတို့ဆီလာရင် ကျွေးချင် မွေးချင်လွန်းတဲ့ ဒီလူရိုးကြီးတွေ ဒုက္ခရောက်တုန်းခဏ ကူညီရတာ ဘာမှ အပန်းမကြီးလောက်ပါဘူး။ ကျနော်တို့လဲ ဒီလို ကူရလို့ မွဲတေစုတ်ပြတ်သွားတာမှ မဟုတ်ဘဲ။ သူတောင်းစား ဖြစ်မယ်ဆိုတာကတော့ ပေးတဲ့လူအပေါ်ပဲ တည်ပါတယ်။ ကျနော်တို့ကလဲ ဦးကြီးဦးလေး၊ အမေ အဒေါ်ခေါ်ပြီး ပေးတယ်။ သူတောင်းစား ပေးတာမျိုး မဟုတ်ဘဲ ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး ပေးတယ်ဆို ယူတဲ့လူလဲ သူတောင်းစား မဟုတ်ပါဘူး။ ရွာက ဆွေမျိုးတွေ ဒုက္ခရောက်တယ်ကြားလို့ ရပ်ဝေးက ဆွေမျိုးတွေ ပြေးလာကူညီသလိုပေါ့။

အ၀တ်အစားကတော့ မဝေလို့ မဖြစ်ဘူး။ ရေကြီးတဲ့အချိန်မှာ ပုဆိုး ရေထဲ မျောသွားရင် ဘယ်သူမှ ဒီတိုင်း မြင်မကောင်းရှုမကောင်းတော့ မနေချင်ဘူး။ ရှိတာ ရှာကြံ ပတ်ထားရင်း အ၀တ်အစား ပေးလာမယ့်လူ မျှော်မိမှာပဲ။ ကျနော်ဆိုလဲ မျှော်မှာပဲ။ ထမင်းဆာနေတဲ့ အချိန်မှာလဲ စာနာစိတ်နဲ့ ကျွေးလာမယ့် ထမင်းတနပ်ကို မျှော်မိမှာပဲ။

ဒီမြင်ကွင်းတွေ မြင်မကောင်းဘူးထင်ပြီး မြန်မြန်ရပ်စေချင်ရင်တော့ တနည်း ရှိပါတယ်ဗျာ။ သူတို့ လယ်ထဲ မြန်မြန် ပြန်ဆင်းနိုင်အောင် ကူညီပေးကြပါ။ လယ်လုပ်နိုင်တဲ့သူ တယောက်ကို၊ ဒါမှမဟုတ် တအိမ်ထောင်ကို လက်တွန်းထွန်စက်လေး တလုံးလောက် ရအောင် ကြိုးစားပေးကြပါ။ နွားနဲ့ ဖက်ရုန်းနေကြတာကတော့ ၂၁ ရာစုမှာ မကြည့်ရက်တော့ဘူး။ ဖြစ်နိုင်ရင် ရှိလဲ မရှိသင့်တော့ဘူးထင်တယ်။

ကယ်ဆယ်ရေး လုပ်ပေးနေကြတဲ့ လူတွေကို ကြည့်ပြီး ၀မ်းသာဖို့ ကောင်းတာက ဆိုရှယ်ဆားဗစ်စ်တို့ ဘာတို့ကို တက္ကသိုလ်မှာ သင်စရာ မလိုဘဲ ထူးချွန်နေကြတဲ့ မြန်မာစေတနာရှင်တွေ အကြောင်းပါ။ ငွေအပုံကြီးနဲ့ ပရောဂျက် ချပေးမှ လုပ်မယ်ဆိုတဲ့ ပညာရှင်တွေ အတုခိုးဖို့ ကောင်းတယ်။ အခုလဲ မုန်တိုင်းတခု အရင်းပြုပြီး ကိုယ့်မြန်မာချင်း ခေါင်းပုံဖြတ်စားဖို့ တချို့သော ပြည်ပပညာရှင်တွေ ဥာဏ်နီဥာဏ်နက် ထုတ်နေတဲ့ အချိန်မှာ ပြည်တွင်းမှာ နာရေးကူညီမှု အသင်းတို့၊ စိတ္တသုခလူငယ်တို့၊ တခြား အဖွဲ့နာမည်မတပ်ထားတဲ့ စေတနာရှင်တွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုကြဆောင်းကြ၊ လှူကြနဲ့ မြန်မြန်ဆန်ဆန် အလုပ်ဖြစ်လိုက်ကြတာဗျာ။

ကျော်သူကြီးလဲ ဒုက္ခသည်တွေကို ထမင်းကျွေးရေး ပရောဂျက် ဆွဲဖို့တို့၊ ကျွေးမယ့်ထမင်းကို ရေခန်းချက်ရမလား၊ ရေငှဲ့ ချက်ရမလား အလုပ်ရုံဆွေးနွေးပွဲလုပ်ဖို့တို့ ခေါင်းထဲ မထည့်ဘူး။ ဒီအချိန်မှာ သူတို့ နေ့ရောညရော လုပ်နေတာ လူတွေဆီ အစားအသောက် မြန်မြန်ရောက်ဖို့ အဓိကပဲ။ ခုလဲ မိဘမဲ့ ဖြစ်သွားတဲ့ ကလေးတွေအတွက် ကျောင်းတွေဖွင့်ဖို့ စီစဉ်နေကြပြီ။ မိဘမဲ့ ကလေးများအတွက် ပြန်လည်ထူထောင်ရေး ပရောဂျက် ဆွဲပြီး ပညာရှင်ကြေး ၅၀ ရာခိုင်နှုန်း၊ ကွင်းဆင်းလေ့လာခ ၄၈ ရာခိုင်နှုန်း၊ ကလေးတွေအတွက် ၂ ရာခိုင်နှုန်း သုံးဖို့ နားမလည်ရှာတဲ့ ကျော်သူကြီးပဲ။

သီတဂူ ဆရာတော်တို့၊ ဓမ္မဓူတ ဆရာတော်တို့၊ တောင်စွန်းဆရာတော်တို့လဲ ဒုက္ခသည်တွေဆီ ဆင်းကြ၊ ကူကြနဲ့ ကျက်သရေ ရှိလိုက်တာဗျာ။ ဘတ်ဂျက် မကျသေးလို့၊ ပရောဂျက် မရသေးလို့ဆိုပြီး ငါ့လက်ထဲ ပိုက်ဆံတွေ လာအပ်မှ ငါကူညီနိုင်မယ်၊ အိတ်ထဲကတော့ မစိုက်နိုင်ဘူးဆိုတဲ့ လူတွေ အတုခိုးစေချင်တယ်။ တကယ်ပါ။ ဆရာတော်ကြီးတွေ ဘယ်သူ့မှ အပြစ်ပြောမနေဘဲ သင်္ကန်းတဖားဖားနဲ့ လုပ်စရာရှိတာ လုပ်သွားကြတာ ကြည်ညိုပါတယ်။ ဒါပေမယ့်ဗျာ

ကျနော်သိတဲ့ စကော်လာ တယောက်ကတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို သူနဲ့ သူ့လို ဂုဏ်သရေရှိ စကော်လာတွေ ပေါင်းလုပ်ပေးမယ်ဆိုပြီး ဒိုနာလို့ သူတို့ခေါ်တဲ့ နိုင်ငံတကာ အလှူရှင်တွေဆီက အလှူငွေတွေ ရဖို့ ကြိုးစားသေးတယ်။ ခု ရပြီလား မရလား မမေးမိဘူး။ သူ့ပရောဂျက်ကတော့ အကြီးကြီးပဲ။ သူတို့ ပညာရှင်တွေက ကြားနေမယ်၊ အစိုးရနဲ့လဲ တည့်အောင် ပေါင်းရမယ်၊ ဒါကို နားလည်ပေးရမယ်၊ ဘာမှ မဝေဖန်နဲ့တဲ့။ အစိုးရက အလှူပစ္စည်းတွေ ဖြတ်ခိုးလွန်းလို့ သူတို့နဲ့ တည့်အောင်ပေါင်းရင် ပေါင်းတဲ့လူပါ သူခိုးဖြစ်သွားနိုင်တာတော့ ပြောမပြလိုက်တော့ဘူး။ သူ ချပြတဲ့ စီမံကိန်းကလဲ သူ့အတွက် ၀န်ဆောင်ခ တော်တော်ကြီးမှာပါ။ ပညာရှင်ကိုး။ ကျနော်လဲ ဘွဲ့တခုပဲ ရပေမယ့် ကိုယ့်ပညာရပ်ပိုင်းမှာ ပရော်ဖက်ရှင်နယ် ဆိုတော့ မြန်မာပြည်မှာတော့ ပညာရှင်ပါပဲ။ ပညာရှင်ဆိုတာ အရိုးအသားပါမချန် အကုန်တီးရမှန်းတော့ ခုမှ သဘောပေါက်တယ်။ ပညာမဲ့ အခေါ်ခံချင် ခံရပေ့စေတော့။ ဒီလိုတော့ ပညာမရှင်ပါရစေနဲ့ဗျာ။

သေချာတာကတော့ စီးပွားရှာချင်တဲ့ လူတွေက ၀င်ကူညီပါ့မယ်၊ ကျနော်ကျမတို့ကို ငွေတွေ ပေးကြပါ အော်နေတဲ့အချိန်မှာ လုပ်စရာရှိတာ ရိုးရိုးသားသား လုပ်သွားတဲ့ လူတွေက နေရာရ၊ နာမည်ရသွားကြပြီ။ သူတောင်းစား ဖြစ်ကုန်မယ်၊ ဒီလိုမပေးနဲ့၊ ငါတို့ကတဆင့် ဝေပေးမယ်ဆိုပြီး ကြားက ဖြတ်တောင်းနေတဲ့ သူတွေလဲ ကြားက ဖြတ်ဘုန်းပါတယ်ဆိုပြီး သိက္ခာကျကြပြီ။ ၀မ်းမသာချင်ပေမယ့် ဘီလူးစည်းလူ့စည်း ကွဲကုန်တာတော့ ၀မ်းသာမိတယ်ဗျာ။


No comments: