Wednesday, November 12, 2008

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (အမ်ပီယူ) ဒု ဥက္ကဌ ဒေါ်စန်းစန်းနှင့် ခေတ်ပြိုင်သတင်းထောက်ကိုဝိုင်း မေးမြန်းခန်း


(မေး) ဒေါ်စန်းစန်းတို့ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များအဖွဲ့ (အမ်ပီယူ) ကဦးဆောင်ပြီး နအဖစစ်အစိုးရရဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် တရားမ၀င်ဘူးဆိုတဲ့ Credentials Challenge ကို ပြီးခဲ့တဲ့ စက်တင်ဘာလက ကုလသမဂ္ဂကို တင်သွင်းခဲ့ ပေးမယ့် မအောင်မြင်တဲ့အတွက် မကြာမီ နောက်တကြိမ် ထပ်လုပ်ဖို့ အစီအစဉ်ရှိနေတယ်လို့ သိရပါတယ်။ အဲဒီကိစ္စ ဘယ်တော့ လုပ်ဖြစ်မယ်။ ဘယ်လိုအခြေအနေပေါ်မူတည်ပြီး ထပ်လုပ်မယ်ဆိုတာ ပြောပြပေးစေချင်ပါတယ်ခင်ဗျ။

(ဖြေ) ကျမတို့က ဒီနှစ်ကို လုပ်လက်စနဲ့ ပြီးပြတ်သွားအောင်လုပ်ဖို့ပါ။ နောင်နှစ်ကျမှဖြစ် အောင်လုပ်ပါလားလို့ပြောတဲ့လူတွေ ရှိ သော်ငြားလည်း ကျမတို့က ဒီနှစ်ကိုပဲ ဖြစ်အောင်လုပ်မယ်။ ဒီဇင်ဘာလမှာ ပြောတာကတော့ ဒီဇင်ဘာ ၁၃-၁၄ ရက်မှာ Credentials ကော်မတီက အစည်းအဝေးရှိတယ်။ ကျမတို့ကို Legal Council က ပထမဦးဆုံး ကျမတို့ရဲ့နည်းလမ်းနဲ့ ပတ်သက်ပြီး တော့ နည်းနည်းလိုအပ်တာတွေရှိတယ်လို့ ထောက်ပြတဲ့အချိန်မှာ ခင်ဗျားတို့ရဲ့ အမှုတွဲဟာ Legal Council မှာ သိမ်းထားပါတယ်။ တကယ်လို့သာလျင် Credentials ကော်မတီက တယောက်ယောက်ကနေ ကြည့်မယ်ဆိုရင် အဆင်သင့်ပြဖို့ထားပါတယ်ဆိုပြီး ဒီအမှုတွဲက ဖွင့်ထားပါတယ်။ ပိတ်မသွားပါဘူး။ ကျမတို့က လိုအပ်သလို ပြုပြင်ပြောင်းလဲပြီးရင် ဒီအမှုတွဲကို ပေးမယ်ဆိုရင် Credentials ကော်မတီကို ရောက်သွားမှာပါ။ အဲဒီလို ကျမတို့က မျှော်လင့်ထားပါတယ်။

(မေး) ပထမအကြိမ်တင်တုန်းက ကုလသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်းနဲ့မကိုက်ညီခဲ့ဘူးလို့ သိရပါတယ်။ အဲဒီလုပ်ထုံးလုပ်နည်းနဲ့ ကိုက်ညီအောင် ပြင်ဆင်ဖို့ ကြိုးစားနေတာများ ရှိပါသလားခင်ဗျာ။



(ဖြေ) တင်နိုင်မယ့်သူတွေက ဘာတွေလည်းဆိုတော့ စင်ပြိုင်အစိုးရမှာရှိတဲ့ ၀န်ကြီးချုပ်၊ သမ္မတလိုလူမျိုး ဒါမှမဟုတ် နိုင်ငံခြားရေး ၀န်ကြီးတို့သာ တင်နိုင်ပါတယ်။ ကျမတို့ တင်ခဲ့ချိန်တုန်းက (အမ်ပီယူ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ကပဲ ၀န်ကြီးချုပ် ကိုရွေးပြီး ၀န်ကြီးချုပ်က သူကြိုက်တဲ့ဝန်ကြီးတွေကို ခန့်ပြီးတော့ အဲဒီလိုလုပ်တယ်ဆိုတော့ ကျမတို့က လွှတ်တော်လည်းဖြစ် တယ်။ နောက်ပြီးတော့ Head of State လိုပဲ ၀န်ကြီးချုပ်ကို ရွေးချယ်နိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုတော့ Head of State အနေနဲ့ တင်လိုက်တာပါ။ တင်လိုက်တဲ့အခါကျတော့ မဟုတ်သေးဘူးလို့ သူတို့ကပြောတော့ ဟုတ်တဲ့လူတွေကို ကျမတို့က အကျိုး အကြောင်းတော့ ပြောပြရမှာပေါ့။ ကျမတို့တော့ မဖြစ်နိုင်တော့ဘူး။ ၀န်ကြီးချုပ်လုပ်ပေးပါ။ နိုင်ငံခြားရေးဝန်ကြီး တဦးတယောက် က တင်ပေးပါလို့ ပြောတာပါ။ သူတို့ကို ရှင်းရှင်းပြောရမယ်ဆိုရင် ဖိအားပေးတာမဟုတ်ဘူး။ ဒါအမျိုးသားရေးဖြစ်တယ်။ ကျမတို့က ဒါ အောင်နိုင်မယ်လို့ ထင်တယ်။

(မေး) ဒီကိစ္စကို တပ်ပေါင်းစုတခုဖြစ်တဲ့ မြန်မာနိုင်ငံအမျိုးသားကောင်စီ (အန်စီယူဘီ) က စတင်ခဲ့တာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) ကလည်း တရားဝင်အကြောင်းပြန်ကြားခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ အဲဒီပြန်ကြားချက်ထဲမှာ ဘယ်လိုများဖော်ပြထားပါသလဲခင်ဗျ။

(ဖြေ) ဟုတ်ကဲ့။ အခုနှစ် ဇူလိုင်လ (၂) ရက်နေ့ကတည်းက အန်စီယူဘီ ဥက္ကကြီး ဗိုလ်ချုပ်တာမလာဘောကနေ ဒီကိစ္စကိုလုပ်မယ်။ အဲဒီတော့ ခင်ဗျားတို့က ဦးဆောင်လုပ်ပါဆိုပြီး အန်စီဂျီယူဘီကို စာပေးဖူးပါတယ်။ သူတို့(အန်စီဂျီယူဘီ) ပြန်ကြားစာအရဆိုရင် လုံးဝ ဆန့်ကျင်ကန့်ကွက်မှာမဟုတ်ဘူးတဲ့။ ဒါပေမယ့် သူတို့ (အန်စီဂျီယူဘီ) က ဦးဆောင်ဦးရွက်တော့ မလုပ်ဘူးပေါ့နော်။ ဘာဖြစ်လို့မလုပ်တာလည်း ဆိုတော့ အောင်မြင်မှုရဖို့ မဖြစ်နိုင်ဘူး။ နောက်ပြီး ကျမတို့လိုလားတဲ့ဆုံးဖြတ်ချက်ရရန် မဖြစ်နိုင်ဘူး။ အောင်မြင်နိုင်ရန် အလွန် ခက်ခဲပြီးတော့ သေချာစွာကိုင်တွယ်ဆောင်ရွက်နိုင်စွမ်းမရှိပါက အကျိုးအမြတ်မရသည့်အပြင် လက်ရှိအနေအထားကို ထိခိုက် နိုင်တယ်လို့ ပြန်ကြားထားပါတယ်။

ဒီလိုပြန်ကြားထားပေမယ့်လို့ အဲဒီဥစ္စာက တော်တော်လေးစောတဲ့အခါကျတော့ ကျမတို့က သေသေချာချာ ဂဃဏန ၀န်ကြီးချုပ် လုပ်မှဖြစ်မယ်။ နိုင်ငံခြားရေးဝန်ကြီး လုပ်မှဖြစ်မယ်ဆိုပြီးတော့ နောက်တခါထပ်ပြီး လော်ဘီလုပ်ပါတယ်။ အခုချိန်ထိအောင်တော့ သူတို့က လက်ရှိအနေအထားကိုတော့ မပြောင်းဘူးလို့ ပြောပါတယ်။ ဆိုတဲ့အခါကျတော့ ကျမတို့မှာ ညီလာခံခေါ်ဖို့ရှိပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များညီလာခံကို ၂၀၀၈ ခု ဖေဖော်ဝါရီလဆန်းပိုင်းက လုပ်ခဲ့ပါတယ်။ အဲဒီမှာလည်း စင်ပြိုင်အစိုးရကို ပြုပြင်ပြောင်းလဲဖွဲ့စည်းဖို့ တိုးချဲ့ဖွဲ့စည်းဖို့ အားကောင်းအောင်လုပ်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်လည်းရှိနေပါတယ်။ အဲဒီသဘောထားကို ဆွေးနွေးဖို့ ညီလာခံနောက်ဆက်တွဲ ခေါ်ဖို့ရှိပါတယ်။ ပထမတော့ စင်ပြိုင်အစိုးရက စက်တင်ဘာလ ခေါ်မယ်ပြောပါတယ်။ နောက်တခါကျတော့ အောက်တိုဘာလမှာ ခေါ်နိုင်မယ်ပြောပါတယ်။ ခုကျတော့ နောက်နှစ် ဇန္န၀ါရီမှာလုပ်မယ်ပြောပါတယ်။ ကျမတို့ ပြန်တင်ရမှာက ဒီဇင်ဘာ ဒုတိယအပတ်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျမတို့အနေနဲ့ကတော့ နိုဝင်ဘာလနောက်ဆုံး အပတ်မှာ ဖြစ်မှဖြစ်မယ်။ နိုဝင်ဘာမှာ ညီလာခံဖြစ်မယ်ဆိုရင် ဒီကိစ္စကိုဆက်လက် ဆောင်ရွက်သင့်မသင့် ၀န်ကြီးချုပ်တို့ကလည်း တင်ပြနိုင်ပါတယ်။

(မေး) ဒေါ်စန်းစန်းတို့ရဲ့ ခုနပြောတဲ့ အမ်ပီယူ ညီလာခံက ဖြစ်မယ် မဖြစ်ဘူး ဆိုတာ မသေချာသေးတဲ့သဘောလား။

(ဖြေ) ကျမတို့ အမှုဆောင်ကော်မတီက လောလောဆယ် ဆုံးဖြတ်ထားတာက၊ ဒီနေ့လည်း ထပ်ဆုံးဖြတ်တာကတော့ နိုဝင်ဘာလ နောက်ဆုံးပတ်မှာ ကျမတို့ကလုပ်ဖို့ ၀န်ကြီးချုပ်ကို တိုက်တွန်းမယ်။ လုပ်ဖြစ်အောင်လည်း လုပ်စေချင်တယ်။ ငွေရေးကြေးရေး ကြောင့်မို့လို့ အန်စီဂျီယူဘီက မလုပ်ပေးနိုင်ဘူးဆိုရင် ကျမတို့က ငွေရေးကြေးရေးနဲ့ပတ်သက်ပြီးတော့ အန်စီဂျီယူဘီကိုလည်း မေတ္တာရပ်ခံမယ်။ အန်စီယူဘီ တပ်ပေါင်းစုကိုလည်း ဘယ်လိုများ ကူညီနိုင်မလည်းဆိုပြီးတော့ မေးဖို့သဘောထားရှိပါတယ်။

(မေး) အဲဒါဆို ဒီဇင်ဘာ ၁၃-၁၄ မှာ တင်ဖြစ်မယ် မတင်ဖြစ်ဘူးဆိုတာလည်း မသေချာသေးဘူးဆိုတဲ့ သဘောများဖြစ်နေမလား ခင်ဗျ။

(ဖြေ) ထင်ရှားနေတာကတော့ ၀န်ကြီးချုပ် သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီးတင်ရမယ်။ ဒါပေမယ့် ယခုအခါမှာ နိုင်ငံခြားရေးဝန်ကြီးရော ၀န်ကြီးချုပ်ရောက ဒီကိစ္စကို မဆောင်ရွက်နိုင်ဘူးပြောတယ်။ ကုလသမဂ္ဂမှာ သူတို့ထားရှိတဲ့ သဘောထားတွေနဲ့လည်း မကိုက်ညီဘူး။ အောင်မြင်သွားရင်လည်း တွေ့ဆုံဆွေးနွေးရေးတို့ဘာတို့ပေါ့လေ၊ ချထားတဲ့မူဝါဒတွေကို အထောက်အကူပြုပါ့မလား ဆိုတဲ့ဥစ္စာမျိုးတွေ သူတို့စဉ်းစားတာရှိပါတယ်။ ဒီကိစ္စတွေကျော်လွန်အောင် အကုန်လုံးက ညီလာခံမှာဆုံးဖြတ်မယ်။ ညီလာခံကနေ ဒါကို ဆက်လုပ်ပါဆိုရင် ဆက်မလုပ်တဲ့လူတွေက ကိုယ့်တာဝန်ကိုယ်သိရမှာပေါ့။ ဆက်ပြီးမလုပ်နိုင်ဘူး ဆိုရင်တော့ ဒါ သဘောထားကွဲလွဲစရာရှိတာပေါ့။ အကုန်လုံးကနေပြီးတော့ ဆက်ပြီးတော့ မလုပ်ပါနဲ့တော့ဆိုရင်လည်း ဒီကိစ္စကို အန်စီယူဘီက စလုပ်တာဆိုတော့ အန်စီယူဘီကို ဒီကိစ္စပြန်အပ်မှာပေါ့။

ပြည်တွင်းကခေါင်းဆောင်များ ပြောဆိုချက်ကလည်း ဒီကိစ္စကိုလုပ်တာက နအဖ ကိုကျောမလုံအောင်ပေါ့နော်။ စိမ်ခေါ်လိုက်တာပဲ။ Credentials ကော်မတီမှာဆိုရင် (၉) နိုင်ငံကပါတယ်။ ဒီနိုင်ငံတွေကို နအဖ ရဲ့ လူ့ကျင့်ဝတ်တွေ ဖောက်ဖျက်နေတာတွေ၊ Rule of Law မရှိတာတွေ အကုန်လုံးတင်ပြနိုင်ပါတယ်။ အဲဒီကနေ Member State တွေကို တင်ပြနိုင်မယ်။ အဲဒီဟာတွေက အမြတ်ပေါ့နော်။ အဲဒီလို စလုပ်ပြီဆိုရင် ရှုံးသွားတာတို့ ဘာတို့ကို ကျမအနေနဲ့ကတော့ ဂရုမစိုက်တော့ဘူး။ ဒီလို နအဖကိုတိုက်ခိုက်တာဟာ ကျမတို့မှာ မန်းဒိတ်ရှိနေသေးတယ်ပေါ့နော်။ နောက်ရွေးကောက်ပွဲ မတိုင်မချင်းမှာ။ အဲဒီမန်းဒိတ်ကိုလည်း အသုံးပြုရာရောက်တယ်။

(မေး) ဒါဆိုရင် အမ်ပီယူ ညီလာခံကို ဒေါ်စန်းစန်းတို့အနေနဲ့ နိုဝင်ဘာမှာ မဖြစ်ဖြစ်အောင်လုပ်ဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့ သဘော မျိုးလားခင်ဗျာ။

(ဖြေ) မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ အစီအစဉ်ရှိပါတယ်။ ကျမတို့မှာ မရှိတာက ငွေရေးကြေးရေးပဲ။ အမ်ပီယူကို အန်စီဂျီယူဘီ ကနေ တဆင့်ထောက်ပံ့ထားတာ။ အန်စီဂျီယူဘီက Donor တွေဆီကနေ အလှူခံလို့ရနိုင်ပါတယ်။ ဒါပေမယ့် သူတို့က မလုပ်ဘူးဆိုရင် ကျမတို့က အန်စီယူဘီကနေ ကျမတို့ကို ငွေရေးကြေးရေး ဘယ်လိုကူညီနိုင်မလဲ မေးရမှာပါ။ ဒါမှမရရင် သဘောပေါက်တဲ့သူတွေ၊ ချေးလို့ငှားလို့ရမယ့် လူတွေဆီက ချေးရငှားရမှာပေါ့ဗျာ။ ဒါကတော့ အများကြီးတွက်ထားတာပေါ့နော်။

(မေး) မြန်မာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (အက်တီယူဘီ) အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ကနေပြီးတော့ ဒေါက်တာစိန်ဝင်းကို ဖြုတ်ချဖို့ ကြိုးစားနေတယ်။ နအဖ ယူအန်ကိုယ်စားလှယ်ကို အယုံအကြည်မရှိ တင်တဲ့ကိစ္စလည်း သူကိုယ်၌က ဦးဆောင်လုပ်ဆောင်နေတာဖြစ်လို့ အန်စီဂျီယူဘီက လက်မခံချင်ဘူးဖြစ် နေတယ်ဆိုပြီး အပြင်မှာ ကောလဟလ ပြောနေဆိုနေတာတွေ ရှိပါတယ်။ အဲဒါနဲ့ပတ်သက်လို့ရော ဘာများပြောချင်တာရှိပါလဲ ခင်ဗျ။

(ဖြေ) ဒေါက်တာစိန်ဝင်းကို ဦးမောင်မောင်ဖြုတ်ချလို့ မရပါဘူး။ ကျမတို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကပဲ ၀န်ကြီးချုပ်ကို ရွေးတာပါ။ ဒီကိစ္စတွေကို လုပ်တဲ့အခါမှာ ဦးမောင်မောင်တင် မဟုတ်ပါဘူး။ ဒါက ဦးမောင်မောင်ရဲ့အလုပ်လည်း မဟုတ်ဘူး။ အန်စီယူဘီရဲ့အလုပ်။ ဦးမောင်မောင်ကို ခိုင်းနေလို့ သူလည်းလုပ်နေတာ။ ဇူလိုင်လထဲမှာ မဟာဗျူဟာညှိနှိုင်းမှုဆိုတဲ့ အစည်းအဝေးကနေ ဒီကိစ္စလုပ်ဖို့ ဆုံးဖြတ်ချက်ရှိတယ်။ ဒေါက်တာသောင်းထွန်းနဲ့ ဒေါက်တာစန်းအောင် အန်စီဂျီယူဘီ ခေါင်းဆောင်တွေလည်း တက်ပါတယ်။ ဒီကိစ္စဟာ သူတို့လည်း သိပြီးသားပါ။

(မေး) Credentials Challenge ကိစ္စက ပြည်တွင်းတိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ထောက်ခံချက်ကို ဘယ်လောက်အတိုင်း အတာအထိရထားပြီဆိုတာ ပြောပြနိုင်မလားခင်ဗျာ။

(ဖြေ) အဲဒါကတော့ ကနေ့မနက်ပဲ အီးမေးနဲ့ စာတစောင်ဝင်လာပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တယောက်ကနေပြီး သူတို့ အဖွဲ့က ထောက်ခံတယ်ဆိုတဲ့အကြောင်း ရေးလိုက်တာပါ။ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ကျမတို့လက်လှမ်းမီသလောက် ဆွေးနွေးပါတယ်။ အကုန်လုံးက သဘောကျပါတယ်။ ဒါ ကျမပြောနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ နာမည်တွေ၊ အဖွဲ့အစည်းတွေကို မပြောချင်လို့ပါ။

(မေး) နိုဝင်ဘာ ညီလာခံလည်း ကျင်းပနိုင်ခဲ့ပြီ၊ ဒီဇင်ဘာ ၁၃-၁၄ မှာလည်းတင်နိုင်ပြီ ဆိုပါတော့။ တကယ်လို့ ယူအန်က နအဖ ကိုယ်စားလှယ်ကို တရားမ၀င်ဘူးဆိုပြီး ဆုံးဖြတ်လိုက်ရင်၊ အဲဒီနေရာအတွက် ဘယ်လိုများစဉ်းစားထားတာရှိပါသလဲ ခင်ဗျာ။

(ဖြေ) သူတို့ကို ကျမတို့က မလိုချင်ဘူးဆိုတာက သွယ်ဝိုက်တာ။ အမ်ပီယူအဖွဲ့ ဒုတိယ ဥက္ကဌအနေနဲ့ ကျမကနေပြီးတော့ ဦးသိန်းဦးကို ကုလသမဂ္ဂမှာ ဗမာပြည်ကိုကိုယ်စားပြုနိုင်တဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ လက်ခံပါလို့ရေးတာ။ သံခင်းတမန်ခင်းပေါ့။ အဲဒီလိုတင်တဲ့အခါမှာ ကိုယ်စားလှယ် (၂) ခုကိုလည်း လက်ခံတာရှိတယ်။ (၂) ခုလုံးကိုလည်း လက်မခံဘဲ ထားတာရှိတယ်။ ဒါမှမဟုတ်ရင်လည်း တခုကိုလက်ခံပြီး တခုကိုဖြုတ်တာလည်း ရှိတယ်။ ကျမတို့က သူတို့ကို ဖြုတ်ပါလို့ဆိုတာ မပါပါဘူး။ သူတို့က ကိုယ်စားမပြုနိုင်ဘူး။ ဗမာပြည်ကို ကိုယ်စားပြုနိုင်တဲ့ ဦးသိန်းဦးကိုသာ လက်ခံပါလို့ ကျမတို့ကရေးတာပါ။

(မေး) လွှတ်တော်ကိုယ်စားလှယ် ခွန်မြင့်ထွန်းတို့လည်း ခု နယူးယောက်မှာ ရုံးဖွင့်နေတယ်ကြားပါတယ်။ ဘာကိစ္စအတွက်ပါလဲ။

(ဖြေ) နအဖရဲ့ လူ့ကျင့်ဝတ်တွေဖောက်ဖျက်နေတယ်။ အစိုးရအနေနဲ့က ဖမ်းချင်သလိုဖမ်းနေတဲ့ ကိစ္စတွေ၊ လွတ်လွတ် လပ်လပ် ဆွေးနွေးခွင့်မရှိဘဲနဲ့ စီအာပီပီတုန်းကလည်း အမတ်တွေအားလုံးကို ဖမ်းထားတယ်ဆိုတော့ ဒါတွေဟာ Freedom of Association နဲ့ Freedom of Thinking မရှိဘူးဆိုတာတွေ၊ ဒီပဲယင်းကိစ္စွ၊ နာဂစ်ကိစ္စ အစိုးရရဲ့ ၀တ္တရားပျက်ကွက်တာတွေကို တင်စရာရှိပါတယ်။ လေ့လာလည်း လေ့လာနေတယ်။ စိုင်းပြင်းနေတယ်။

(မေး) Credentials Challenge ကိစ္စရော ပါသေးလား ခင်ဗျာ။

(ဖြေ) အဲဒါလည်း ပါပါတယ်။ Credentials Challenge ကိစ္စလည်း ကိုခွန်မြင့်ထွန်းတို့ team ကပဲလုပ်နေပါတယ်။ ဒေါက်တာမင်းညိုတို့၊ ဦးမောင်မောင်လည်း ပါပါတယ်။ ဦးသိန်းဦးလည်း ပါပါတယ်။

(မေး) ဒေါ်စန်းစန်းအနေနဲ့ တခြားဘာများ ဖြည့်စွက်ပြောစရာရှိပါသေးလဲခင်ဗျ။

(ဖြေ) ဒီကိစ္စတွေကို နားလည်သဘောပေါက်ပြီးတော့ စက်တင်ဘာ (၉) ရက်နေ့မှာ တင်မယ်ဆိုတော့ (၈) ရက်နေ့မှာ လက်မှတ် ထိုးတာပါ။ လက်မှတ်မထိုးတဲ့လူတွေက မထိုးဘူးပေါ့နော်။ ကျမလက်မှတ်ထိုးလိုက်ခြင်းအားဖြင့် ကျမကတော့ ဒီကိစ္စကို ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက်တယ်။ အခုပြောစရာဖြစ်နေတာက ကျမလက်မှတ်ထိုးလိုက်တဲ့ အတွက်ကြောင့်မို့လို့ အမ်ပီယူထဲမှာလည်း လုပ်ချင်တဲ့လူ မလုပ်ချင်တဲ့လူ၊ အန်စီဂျီယူဘီနဲ့ ကျမတို့နဲ့လည်း ကွဲတယ် ဘာညာဆိုတာတွေက တခါတလေကျတော့ ကျမအပေါ်မှာ ရိုက်ခတ်လာပါတယ်။ ဒါပေမယ့်လို့ ကျမကို ပြည်တွင်းထဲမှာရှိတဲ့ ကျမတို့ရဲ့ ရဲဘော်ရဲဘက်တွေက နည်းအမျိုးမျိုးနဲ့ ကျေးဇူးတင်တယ် ထောက်ခံတယ် ဆိုတာတွေ ပြောပါတယ်။ ကျမအနေနဲ့ကတော့ ဒါကိုလုပ်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ဆက်လက်ပြီး အမ်ပီယူကနေ ဆောင်ရွက်မှာပါ။


No comments: