IMNA
မွန်ပြည်နယ်အတွင်း လက်ရှိလယ်လုပ်သူများ ပြည်ပသို့ သွားရောက်အလုပ် လုပ်ကိုင်မှုများလာသောကြောင့် လယ်လုပ်ရန် လယ်ယာမြေပိုင်ရှင်များက အလုပ်သမားရရှိရန်အတွက် အခက်အခဲဖြစ်နေသည်ဟု လယ်ပိုင်ရှင် အသိုင်းအဝိုင်းမှ သိရသည်။
''ရွာမှာဆိုရင် အလုပ်သမား ရှာရတာတော်တော်ခက်တယ်၊ ရွာကလူတွေလည်း ပြည်ပမှာ အလုပ်သွားလုပ်ကုန်ကြပြီလေ၊ စပါးရိတ်သိမ်းတဲ့အချိန်မှာ လယ်သမားတွေ အလုပ်သမားငှားရတာ အဆင်မပြေဘူး၊ အခက်အခဲဖြစ်တယ်'' ဟု ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာမှ လယ်ပိုင်ရှင်တစ်ဦးက ပြောသည်။
မွန်ပြည်နယ်အတွင်း ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် အလုပ်သမားများသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသောကြောင့် လယ်လုပ်သူများနှင့် ခြံလုပ်ငန်းရှင်များအတွက် အလုပ်သမားရှာရန် အခက်အခဲဖြစ်ကြရသည်။ လယ်မြေနှင့် ခြံလုပ်ငန်းများတွင် ဦးစီးလုပ်ကိုင်မည့်သူရှိသော်လည်း ၄င်းတို့အိမ်သားများမှာ အိမ်နီးချင်းနိုင်ငံသို့သွားရောက် အလုပ်လုပ်ကိုင်နေကြသည့်အတွက် ၄င်းတို့အတွက် ကူညီလုပ်ကိုင်မည့်သူ မရှိချေ။
'ကျမတို့လယ်အတွက် အလုပ်သမားတွေကို ပဲခူး၊ ကျိုက်ထိုဘက်ကနေ သွားငှားရတယ် တချို့ကျတော့ အထက်အညာက အလုပ်သမားတွေကို ငှားရတယ်၊ ရွာမှာဆိုရင် အလုပ်သမား လုံးဝ ရှာလို့မရဘူး'' ဟု ဒရယ်ကျေးရွာမှ ၄င်းလယ်ပိုင်ရှင်က ပြောသည်။
လွန်ခဲ့သည့်နှစ် စပါးရိတ်သိမ်းရန် တစ်နေ့ လုပ်ခမှာ ၂၀၀၀ ကျပ်ပေးရသော်လည်း ယခုနှစ်တွင် ၂၅၀၀ ကျပ်နှင့် ၃၀၀၀ ကျပ်အကြား ပေးရသည်။ စပါးပေးပြီး ငှားသူများအတွက် တစ်နှစ်ပတ်လုံး စပါးတင်း ၁၀၀ ပေးရပြီး မိုးရာသီအတွင်း အလုပ်သမားတစ်ဦးအတွက် စပါး ၆၅ တင်း ပေးရသည်။
''ကျနော်တို့ရွာက ငှားခဲ့တဲ့အလုပ်သမားဆိုရင် ဗမာလူမျိုးတွေပဲများတယ်၊ ရွာကလူတွေက နိုင်ငံခြားမှာ အလုပ်သွားလုပ်ကြကုန်တယ်၊ ဒီနှစ်တော့ သိပ်ပြီး အဆင်ပြေမဲ့ပုံမပေါ်ဘူး၊ စပါးရိတ်တဲ့အချိန်မှာ မိုးရွာတယ်၊ အလုပ်သမားငှားခကလည်း တိုးလာတယ်၊ ဒီနှစ် ၃၀၀၀ ကျပ်ပေးပြီး ငှားထားရတယ်'' ဟု မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တရနာကျေးရွာမှ လယ်ပိုင်ရှင်တစ်ဦးက ပြောသည်။
''ဒီနှစ်တော့ ခြံလုပ်သူတွေအတွက် အဆင်ပြေတယ် မိုးရွာလိုက် နေပူလိုက်ဖြစ်နေတယ်၊ လယ်သမားတွေအတွက်တော့ မလွယ်ဘူး၊ အထွက်နှုန်းလျော့မှာတော့ သေချာတယ်၊ လယ်ကွက်ထဲမှာ မိုးရွာထားလို့ အပင်တွေတောင် ပေါက်နေပြီး'' ဟု ၄င်း တရနာကျေးရွာမှ လယ်ပိုင်ရှင်ကပြောသည်။
မွန်ပြည်နယ်အတွင်း လာရောက်အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများသည် အများအားဖြင့် အထက်မြန်မာပြည် အလယ်ပိုင်းဒေသ၊ ပဲခူးတိုင်း၊ ကျိုက်ထိုမြို့နယ်ဘက်မှ အများဆုံးလာရောက် အလုပ်လုပ်နေကြသည်။
''ပဲခူးမှာဆိုရင် အလုပ်သမားရှာရခက်တယ်၊ ဘာဖြစ်လဲဆိုတော့ အလုပ်သမားအများစုက မွန်ပြည်နယ်ဘက်ကို သွားရောက်အလုပ် လုပ်တာများတယ်၊ ပဲခူးက လယ်ပိုင်ရှင်တွေက အညာဘက်မှာ သွားငှားရတယ်၊ ပဲခူးမှာ လုပ်ခက နည်းတယ်၊ မနှစ်က ၁၂၀၀ ကျော်ပေးရတယ်၊ ဒီနှစ်တော့ နည်းနည်း ပိုပေးရမယ်ထင်တယ်'' ဟု ပဲခူးမှ လယ်သမားတစ်ဦးက ပြောသည်။
မွန်ပြည်နယ်ဘက်သို့ လာရောက်အလုပ်လုပ်သော အလုပ်သမားများသည် မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်တွင် အများဆုံး နေထိုင်လုပ်ကိုင်ကြသည်ဖြစ်သည့်အတွက် ချောင်းဆုံမြို့နယ်နှင့် ကျိုက်မရောမြို့နယ်ကဲ့သို့ အခက်အခဲမရှိဟု မုဒုံမြို့နယ်မှ လယ်သမားများက ပြောသည်။
ပဲခူးတိုင်းမှ အလုပ်သမားအများစုများသည် မွန်ပြည်နယ်အောက်ပိုင်းဒေသသို့ လာရောက်အလုပ်မစတင်မှီတွင် ၄င်းတို့ကိုငှားမည့် အလုပ်ရှင်များက ကြိုတင်စရန်ငွေ ထုတ်ပေးရသည်ဟု ပဲခူးတိုင်း ဝေါမြို့နယ်သို့ နှစ်စဉ်နှစ်တိုင်း သွားရောက်ငှားရမ်းသည့် လယ်သမားတစ်ဦးက ပြောသည်။
၎င်း၏အဆိုအရ ''သူတို့ဘက်မှာလည်း အလုပ်ရှားပါးတယ်လေ၊ ဒီဘက်မှာက ပိုက်ဆံရ များတော့ သူတို့လာလုပ်ချင်ကြတယ်။ သူတို့လာတဲ့အချိန်မှာ သူတို့ မိသားစု စားသောက်ဖို့အတွက်က ကြိုတင်ပြီးတော့ ကိုယ်က ပိုက်ဆံထုတ်ပေးရတယ်။ အဲဒီပိုက်ဆံရမှ သူတို့မိသားစု စားသောက်ရတယ်''။
မွန်ပြည်နယ်သို့ လာရောက်အလုပ် လုပ်သည့် အလုပ်သမားအများစုမှာ ၄င်းတို့ဝင်ငွေကို ခြိုးခြံချွေတာသည့်အနေဖြင့် ဈေးနှုန်းသက်သာသည့် မီးရထားကိုသာ အသုံးပြုကြသည်။
No comments:
Post a Comment