Tuesday, November 4, 2008

မြန်မာ့အရေး ဘယ်သူ အလေးထားမလဲ

အင်တာဗျူး
နန်းဒေ၀ီ

မြန်မာ့ဒီမိုကရေစီရေးအတွက် နိုင်ငံတကာ မျက်နှာစာတွင် ရှေ့တန်းမှ ဖိအားပေး လုပ်ဆောင်လေ့ ရှိသည့် အမေရိကန် ပြည်ထောင်စုတွင် ယခုလ ၄ ရက်နေ့၌ သမတ ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်သည်။

သမတလောင်းများအဖြစ် Democratic ပါတီမှ မစ္စတာ အိုဘားမားနှင့် Republican ပါတီမှ မစ္စတာ မက်ကိန်းတို့ ယှဉ်ပြိုင်နေကြရာတွင် မည်သူ အရွေးချယ်ခံရလျှင် မြန်မာ့အရေးအတွက် ပိုမို လုပ်ဆောင်နိုင်မလဲ၊ မည်သူ့အပေါ် ပိုမို လိုလားသလဲ၊ အစရှိသည့် မေးခွန်းများဖြင့် ပြည်တွင်းပြည်ပရှိ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များ၊ လေ့လာသုံးသပ်သူများသို့ မဇ္ဈိမသတင်းထောက် နန်းဒေ၀ီက ဆက်သွယ် မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။


သတင်းစာဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ)
သူတို့ နှစ်ယောက်ထဲက တယောက်ယောက်တော့ နိုင်မှာပဲ။ ဘယ်သူနိုင်စေချင်၊ ဘယ်သူတက်စေချင် ဆိုတာကိုတော့ ပြောဖို့လည်း မလိုပါဘူး။ ပြောလည်း မပြောသင့်ပါဘူးလို့ ထင်ပါတယ်။

ဘယ်သူပဲနိုင်နိုင် တက်လာတဲ့သူက ဗမာ့အရေးကို စိတ်ဝင်စားမယ့် ပုဂ္ဂိုလ်၊ အရင်က စိတ်ဝင်စားခဲ့တဲ့ သူဆိုရင်လည်း ပိုပြီး စိတ်ဝင်စားမယ့်သူ၊ အရင်က ပိုစိတ်ဝင်စားမှုရှိခဲ့တဲ့ ပုဂ္ဂိုလ်ဆိုလည်း ပိုပိုပြီး ဗမာ့အရေးကို စိတ်ဝင်စားမယ့်သူ ဖြစ်ဖို့ လိုပါတယ်။

မက်ကိန်းဆိုလည်း မြန်မာပြည်ကို နှစ်ခေါက်လောက် လာဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီနဲ့ စီးပွားရေး ကိစ္စတွေမှာလည်း နည်းလမ်းရှာဖွေနိုင်သလို စစ်အစိုးရကိုလည်း အဲဒါတွေ လုပ်နိုင်ဖို့ ဖိအားပေးနိုင်တဲ့ အခြေအနေ ရှိတယ်။

သမ္မတ ဘုရှ် သက်တမ်းမှာကတည်းက မြန်မာပြည်အပေါ် သဘောထား၊ လော်ရာဘုရှ်တို့လို မြန်မာ့ ဒီမိုကရေစီအရေး တွန်းအားပေးတဲ့ အစဉ်အလာတွေ ရှိခဲ့တယ်။ ဒါကြောင့် မက်ကိန်း အနိုင်ရခဲ့ရင် အဲဒီအစဉ်အလာတွေကို ဆက်လက်စောင့်ထိန်းမယ်လို့ မျှော်လင့်ရပါတယ်။

အိုဘားမား တက်လာမယ်ဆိုရင်လည်း စိတ်ပျက်စရာ မရှိပါဘူး။ မြန်မာ့အရေး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အစဉ်အလာတွေ ဆက်လုပ်သွားမယ်လို့ မျှော်လင့်ပါတယ်။


သခင်ချန်ထွန်း
(၀ါရင့် နိုင်ငံရေးသမားကြီးများ အဖွဲ့)

နှစ်ယောက်လုံးတော့ မြန်မာပြည် ဒီမိုကရေစီအကြောင်း ပြောနေကြတာပဲလေ။ ဒါပေမယ်လို့ မက်ကိန်းက မြန်မာပြည်အရေးနဲ့ ပတ်သက်လို့ ပိုမို ပြင်းထန်တယ်လို့ ပြောလို့ရမယ်။ ပြီးတော့ သူကိုယ်တိုင် မြန်မာပြည် ရောက်ဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ခဲ့ဖူးတယ်ဆိုတော့ မြန်မာ့အရေး အခြေအနေမှန် သိတယ်။ သမ္မတ ဘုရှ် မြန်မာ့အရေး ပြောလာသလိုမျိုး မက်ကိန်းလည်း ဆက်ပြောလာနိုင်ပါတယ်။ ဒါကြောင့် မက်ကိန်းသာ သမ္မတ ဖြစ်လာရင်တော့ အိုဘားမားထက် ပိုပြောနိုင်မယ်။

အိုဘားမားကတော့ သူ့ပြည်တွင်း စီးပွားရေးကိစ္စကို အသားပေးလုပ်သွားမယ့် သဘောရှိတယ်။ သူ မဲဆွယ်နေတဲ့ ကာလတလျှောက်တော့ အမေရိကန် ပြည်တွင်းစီးပွားရေးကိစ္စကို ပိုမိုလုပ်မယ့် သဘောရှိတယ်။ နိုင်ငံတကာအရေးကို ဘာမှ ပြောသေးတာမရှိဘူး။ အီရတ်၊ အာဖဂန်ကိစ္စတွေ ပြောဖို့ စောနေပါသေးတယ်။ တကယ်တက်လာမှပဲ သိနိုင်မယ်။

ဘယ်သူ့ကို နှစ်သက်တယ်၊ သဘောကျတယ်ဆိုတာ ကိုယ်တွေပြောတော့၊ ကိုယ့်သမ္မတလည်း မဟုတ်တော့ ဘယ်သူပဲ နိုင်နိုင်လေ၊ တက်လာတဲ့သူက မြန်မာ့ ဒီမိုကရေစီအရေးကို အားပေးတာလောက်နဲ့တော့ ဘာမှ မထူးခြားဘူး။ မြန်မာ့အရေးကို တကယ် စိတ်ဝင်စားမယ့်သူသာ အရေးကြီးတာ။


ဦးဥာဏ်ဝင်း
(ပြောခွင့်ရပုဂ္ဂိုလ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)

ကျနော့်အမြင်နဲ့ ပြောရရင်ဖြင့် နှစ်ယောက်စလုံးက လုပ်ထုံးလုပ်နည်း၊ လုပ်ကိုင်ပုံတွေသာ ပြောင်းသွားမယ်။ ဒါပေမဲ့ ပေါ်လစီပေါ်မှာ အခြေခံတာဆိုတော့ အမေရိကန် ပေါ်လစီအရ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ကိစ္စတွေကို လုပ်မှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက်လည်း အကျုံးဝင်မယ်လို့ မျှော်လင့်တယ်။

ဘယ်သူ့ကို ပိုနှစ်သက်တယ်ဆိုတာတော့ အန်ကယ် မပြောပါရစေနဲ့။ သတင်းတွေ ဖတ်ရသလောက်တော့ အိုဘားမားက အနိုင်ရဖို့ များတယ် ဆိုပါတယ်။


ဦးဝင်းမင်း
(ထိုင်းအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ)

အမေရိကန်နိုင်ငံအတွက်ဆို အိုဘားမားကို ပိုနှစ်သက်တယ်လို့ ပြောလို့ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ Republican က စီးပွားရေးမှာ စီမံခန့်ခွဲမှု ညံ့တယ်။ အရင် Democrat ကလင်တန်တုန်းကဆိုရင် စီးပွားရေး အခြေအနေ ကောင်းလာခဲ့ပြီးတော့ အပိုအလျှံ (Surplus) တောင် ရှိခဲ့တယ်။ အခု လိုငွေပြတဲ့ အခြေအနေထိတောင် ရှိနေပြီဆိုတော့ စီးပွားရေး ပိုမိုကောင်းလာအောင် Democrat က လုပ်နိုင်မယ့် အခြေအနေရှိတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် မက်ကိန်းက ပိုကောင်းမယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမ္မတ ဘုရှ်ကလည်း တော်တော်လုပ်ခဲ့ပြီးသားဆိုတော့၊ အမေရိကန်မှာရှိတဲ့ အရင်က International Republican Institute မက်ကိန်းက ဥက္ကဌ လုပ်ခဲ့ဖူးတယ်။

မက်ကိန်းက အခုလက်ရှိ ရှိထားပြီးသား၊ ဖိအားပေးထားပြီးသားအပေါ်တွေမှာ ဆက်လက်ပြီးတော့ ထိန်းထားမယ်။ စစ်အစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုလုပ်လာရင် သူက ဖိအားပေးသွားမယ်။ မက်ကိန်းပဲ တက်တက်၊ အိုဘားမားပဲ တက်တက် ဖိအားတွေက ဆက်ပြီး လုပ်သွားမယ့် အလားအလာရှိပါတယ်။

အိုဘားမားကို တဖက်က မျှော်လင့်ချက်ရှိတာက ဖိအားတွေကို ဆက်ထိန်းရင်းနဲ့ တခြားနိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်ညှိနိုင်း အလုပ်လုပ်လာမယ့် အလားအလာရှိတယ်။ မြန်မာ့အရေး ဆန့်ကျင်တဲ့ နိုင်ငံတွေကော၊ ထောက်ခံမယ့် နိုင်ငံတွေနဲ့ပါ ပူးပေါင်းလုပ်ဆောင်မယ့် သဘောရှိတယ်။ မက်ကိန်းကတော့ ဘုရှ်လိုပေါ့ အမေရိကန်တနိုင်ငံပဲ ဦးဆောင်ပြီး လုပ်မယ်ဆိုတဲ့ ဆန္ဒရှိတယ်။


ဦးညိုအုန်းမြင့်
နိုင်ငံခြားရေး တာဝန်ခံ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - လွတ်မြောက်နယ်မြေ)

ဗမာပြည်ရဲ့ အရေးကို ပြုပြင်ပြောင်းလဲနိုင်မယ့် လူကို ဖြစ်စေချင်တာပေါ့နော်။ ဒါကတော့ ပထမ ကျနော့်ဆန္ဒပါ။ ဒုတိယအချက်ကတော့ ကျနော်တို့တိုင်းပြည်ရဲ့ ပြဿနာကို အမေရိကန်အစိုးရ သမတ အသစ်တဦးဦးက မြန်မာ့အရေးအပေါ်မှာ အလေးထားမယ်ဆိုရင် ကျနော်တို့ ပြည်သူပြည်သားတွေအတွက် အများကြီး တန်ဖိုးရှိမယ်ထင်ပါတယ်။

ကျနော့်အနေနဲ့ကတော့ သမ္မတ နှစ်ယောက်စလုံးကလည်း အရည်အချင်းလည်း ရှိတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ခေါင်းဆောင်တွေပါ။ မစ္စတာ မက်ကိန်းကတော့ ပိုပြီးတော့ ကြမ်းတဲ့ ပိုမိုပြင်းထန်တဲ့ ဖိအားတခု ရနိုင်မယ်လို့မြင်ပါတယ်။ ကျနော်တို့ဘက်က ပိုမိုပြင်းထန်တဲ့ ဖိအားပြောရတာထက် ဗမာပြည်ရဲ့ တကယ့်ပြဿနာကို ဖြေရှင်းနိုင်မယ့်လူ လိုအပ်တယ်လို့ ထင်ပါတယ်။ အဲဒီအတွက်ကြောင့် ခုနပြောသလိုပဲ မစ္စတာ မက်ကိန်းအနေနဲ့ကတော့ မစ္စတာ အိုဘားမားထက် ပိုများမယ်လို့ ထင်ပါတယ်။ မြန်မာပြည်ရဲ့အရေးမှာ မစ္စတာ မက်ကိန်းအနေနဲ့ အဓိက တရုတ်နိုင်ငံနဲ့ ညှိနှိုင်းပြီးတော့ ဗမာပြည်ရဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ့်သူလို့ ကျနော် ပိုမြင်ပါတယ်။

မစ္စတာ မက်ကိန်းပဲဖြစ်ဖြစ်၊ မစ္စတာ အိုဘားမားပဲဖြစ်ဖြစ် တက်လာချိန်မှာ ကျနော့်တို့ ဒီဘက်က မြန်မာ့အရေး လုပ်နေတဲ့သူတွေနဲ့ ကျနော်တို့ ဘာဖြစ်ချင်တယ်၊ ဘာဖြစ်သင့်တယ်ဆိုတဲ့ နှစ်မျိုးမှာ ကျနော်တို့ ဖြစ်ချင်တာတွေက ဘာတွေပဲဖြစ်နေနေ ဖြစ်သင့်ဖြစ်ထိုက်တာ တခုခုကို ကျနော်တို့ဘက်ကလည်း ပိုမိုပြီးတော့၊ တောင်းဆိုပြီးတော့ ပိုမို ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။

ကျနော်တို့ဘက်ကလည်း မစ္စတာ အိုဘားမား အကြောင်းကို ပြန်ပြီး လေ့လာနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မစ္စတာ အိုဘားမား အနိုင်ရဖို့ များတယ်လို့ ထင်ထားတဲ့အတွက်။ မစ္စတာ အိုဘားမားရဲ့ နိုင်ငံခြားရေး ပေါ်လစီနဲ့ မြန်မာပြည်အပေါ် သဘောထားကို ကျနော်တို့အနေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်မလဲ ဆိုတာကို ကျနော်တို့အနေနဲ့ monitor လုပ်နေပါတယ်။


အမည်မဖော်လိုသူ အယ်ဒီတာတဦး
(အပတ်စဉ်ထုတ် ဂျာနယ်၊ ရန်ကုန်)

ကျနော်တော့ အိုဘားမားကို ကြိုက်တယ်။ သူက လူငယ်လေ။ ပြီးတော့ ဓမ္မဓိဌာန်ကျကျ တွေးတတ်တယ်လို့ သိရတယ်။ လက်တွေ့ ကမ္တာ့အမြင်ရှိတယ်။ မက်ကိန်းလို စကားကြီး စကားကျယ် မပြောတတ်ဘူး။ မက်ကိန်းသာ သမတဖြစ်လာရင် အမေရိကန်နိုင်ငံရဲ့ ရပ်တည်ချက်ကိုပဲ ဆက်လက် ကျင့်သုံးမယ့်သဘော။ ပြီးတော့ အီရတ်အရေးက ပိုမိုရှုပ်ထွေးလာမယ့် သဘောမြင်တယ်။ မက်ကိန်း တက်လာရင်လည်း လောလောဆယ် မြန်မာ့အရေး အာရုံစိုက်နိုင်မယ် မထင်ဘူး။ အိုဘားမား တက်လာရင်တော့ သူက အလည်အလတ်လမ်းစဉ် လိုက်မယ့်သဘောပဲ။ အကြမ်းမကိုင်လောက်ဘူး။ သူ့ရှေ့က လူတွေ လုပ်ခဲ့တာ မအောင်မြင်တဲ့ဟာတွေ တွေ့ခဲ့ရပြီးပြီဆိုတော့ အဲလောက်လည်း အကြမ်းမကိုင်လောက်ဘူး။

No comments: