ကန္တရ၀တီတိုင်း( မ် )
ကရင်နီပြည်နယ်ရှိ လွိုင်ကော်မြို့ အကျဉ်းထောင်ထဲတွင် ပုဒ်မ ၁၇ (၁) ဖြင့် တရားမ၀င် လက်နက်ကိုင် အဖွဲအစည်းများနှင့် ဆက်ဆံသည့် အမှုဖြင့် နှစ်ရှည်လများ ထောင်ဒဏ်ကျခံနေရသူ ၁၄ ဦးရှိသည်ဟု သတင်းရရှိသည်။
ထိုသူများသည် အမှုအားလုံးနီးပါး အမိန့်ချမှတ်ပြီးဖြစ်ပြီး ထောင်အတွင်း နေထိုင်ရာတွင် အစားအစာနှင့် အသုံးအဆောင် ပစ္စည်းများအတွက် ဒုက္ခရောက်နေရသည်ဟု ထောင်ဒဏ်ကျခံရသူများထဲမှ အမျိုးတော်စပ်သူတဦးက ပြောသည်။
သို့သော် ပြီးခဲ့သည့် မေလတွင် မြန်မာနိုင်ငံမှာ မြန်မာစစ်အစိုးရက ကျင်းပနေသော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအား ဆန့်ကျင် ကန့်ကွက်မှုလှုပ်ရှားနေသည့် ကယန်းလူငယ် ၃ ဦးတို့သည် အမိန့်ချမှတ်ရန် နှစ်မှုကျန်ရှိနေသေးကြောင်း သိရသည်။
ထောင်ကျနေသည့် မိသားစုဝင်တဦးက " အမှုတွေအတွက် အမိန့်ချပြီးပြီ၊ အမိန့်မကျသေးတာ နှစ်မှုကျန်သေးတယ်၊ သူတို့ ရဲ့ အမှုတွဲကိုရဖို့ ကြိုးစားနေတယ်၊ ထောင်ထဲက အခြေအနေကတော့ လှုပ်ရှားသွားလာလို့ ရပေမယ့် အစားအစာအတွက် ဒုက္ခရောက်နေကြတယ်၊ အသုံးအဆောင်တွေလည်း လိုနေတယ်၊ အိုးခွက်ပန်းကန်ကအစပေါ့၊'' ဟု ပြောသည်။
သူကဆက်ပြီး '' ညနေပိုင်း ရေလောင်းရတဲ့ ပုံးခွက်တွေနဲ့ပဲ ထမင်း၊ ဟင်း ပြန်စားရတော့ ကျန်းမာရေး ထိခိုက်နိုင်တယ်၊ အပင်တွေကို မစင်ရေနဲ့ လောင်း၊ အပင်တွေကို ပြန်ချက်စားရတာတွေ၊ မစင်ရေထည့်တဲ့ ပစ္စည်းတွေကို ပြန်သုံးရတာတွေက ပိုပြီးထိ ခိုက်နိုင်တယ်'' ဟု အခြေအနေကို ပြောပြသည်။
ယခု ထောင်ဒဏ်ကျခံရသူများသည် ပုဒ်မ ၁၇(၁) တရားမ၀င် လက်နက်ကိုင်အဖွဲ့များနှင့် ဆက်ဆံမှုဖြင့် ကျခံရသူများပြီး ၁၇ (၁) ၁၉ (က) လက်နက်မှု၊ ပုဒ်မ၁၇ (၁) ၅ (ခ) ၁၃/၂နှင့် ပုဒ်မ ၁၇(၁) ၄၂-၃၁ အမှုတို့ဖြင့် နှစ်ရှည်ထောင်ဒဏ်များ ကျခံရသည်။ ပြစ်မှုအလိုက် နှစ်ရှည်ထောင်ဒဏ် ၁၀ နှစ်၊ ၁၅ နှစ်မှ ၁၆နှစ်ခွဲအထိ ကျခံကြရပြီး ၂ ဦး၊ ၃ ဦးစသာ ထောင်ဒဏ် ၂ နှစ်မှ ၃ နှစ်အထိ ကျခံရသည်။
ယခုသတင်းနှင့် ပတ်သက်၍ နယ်စပ်တွင် အခြေစိုက်နေထိုင်သော ကရင်နီပြည် တပ်မတော် လက်နက်ကိုင်အဖွဲ့အစည်းတခု လည်းဖြစ်၊ နိုင်ငံရေး ပါတီတခုဖြစ်သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ) ကို မေးမြန်းကြည့်ရာ၌ အတည်ပြုရန် ခက်နေသေးသည်ဟု ပြောသည်။
ကေအဲန်ပီပီမှ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး ၂ ခူဦးရယ်က '' အဲဒါနဲ့ ပါတ်သက်လို့ ကျနော်တို့ ကြားတော့ ကြားတယ်၊ ဒါပေမယ့် ဘယ်လိုမှ ကွန်ဖန်း (အတည်ပြု) မလုပ်နိုင်သေးဘူး။ အတိအကျ မသိရသေးတော့ ကျနော်တို့ ပြောဖို့ခက်တယ်၊ ကျနော်တို့ ဖက်ကတော့ တိုးတိုး တန့်တန့်ပဲ ရှိသေးတယ်လေ၊ သတင်းပို့တဲ့ လူကို မေးကြည့်တော့လည်း ချက်ချင်းအကြောင်း မပြန်နိုင်သေဘူး အဲ့လိုဖြစ်နေတယ် အတည်ပြုဖို့က '' ဟုပြောသည်။
အဆိုပါ တရားမ၀င်လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုဖြင့် ထောင်ဒဏ်ကျခံရသူ ၁၄ ဦးထဲတွင် အမျိုးသမီးတဦး ပါဝင်ပြီး ၎င်းတို့သည် လွိုင်ကော်၊ ငွေတောင်၊ ဒီးမောဆို၊ ဖရူဆို၊ ဖါဆောင်းနှင့် ဖယ်ခုံ မြို့နယ်တို့မှ ဒေသခံပြည်သူများ ဖြစ်သည်။
No comments:
Post a Comment