Thursday, October 2, 2008

မူဆယ်၌ မူးယစ်ကုန်သည် အချင်းချင်း ဓါးပြတိုက် ပစ်သတ်

သျှမ်းသံတော်ဆင့်

မူဆယ်မြို့နယ်တွင် ဘိန်းကုန်သည်အချင်းချင်း ဓါးပြတိုက် ပစ်ခတ်မှုကြောင့် လောဝ်ပန်းကြီး၏ တပည့်တစ်ယောက် သေဆုံး၍ တစ်ယောက် ဒဏ်ရာအပြင်းအထန်ရကြောင်း တရုပ်နယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။

မူးယစ်ဆေးဝါးရောင်းဝယ်မှု ထူပြောသော မူဆယ်မြို့ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာ အိမ်ခြေ ၅၀ ခန့်ရှိ ၀ိန်းနန်းရွာတွင် လုံထန်ပြည်သူ့စစ်ခေါင်းဆောင်/မူးယစ်ကုန်သည် လောဝ်ပန်းကြီး ယန်ဆန်းအိမ်သို့ အမည်မသိ အခြားဘိန်းကုန်သည်တစ်ဖွဲ့ ၀င်ရောက် ဓါးပြတိုက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“စက်တင်ဘာ ၂၇ ရက် ည ၉ နာရီအချိန်က ဖြစ်တာ။ သူတို့အချင်းချင်း မကျေနပ်မှုတွေရှိလို့ အခုလိုဖြစ်တာလို့ သတင်းတွေ ထွက်နေတယ်။ မနက်ရောက်လို့ မူးယစ်ရဲတွေ သွားစစ်ဆေးကြည့်တော့ ယန်ဆန်းတစ်ယောက် ပစ္စည်းတွေနဲ့ တခြားကိုထွက်ပြေး သွားပြီ။ သူ့တပည့်တစ်ယောက်ရဲ့ အလောင်းဘဲကျန်ခဲ့တယ်။ အိမ်နံရံတွေမှာ ကျည်ဆံအပေါက်တွေချည်းဘဲ။ နောက်တပည့် တစ်ယောက် ကတော့ ဒဏ်ရာအပြင်းအထန်နဲ့ဆေးရုံမှာ ” ဟု ၀မ့်ဝိန်းနန်းရွာ ဈေးသည်တစ်ယောက် ပြောပြသည်။

မူးယစ်ကုန်သည် လောဝ်ပန်းကြီး ယန်ဆန်းသည် ၀မ့်ဝိန်းနန်း၌ ယာဘ၊ ဘိန်းဖြူလက်လီလက်ကားရောင်းချနေသည်မှာ ၄-၅ နှစ်ခန့် ရှိပြီဖြစ်၏။ ထိုဒေသ၌ ဆေးစွဲသူ ရာနှင့်ချီများလာသကဲ့သို့ ရွာတွင်း ရွာပမှ ဆေးရောင်းသူလည်းများပြားလာ သည်ဟု ဆိုပါသည်။ ၀မ့်ဝိန်းနန်းရွာတွင် မူးယစ်ဆေးမရောင်းဝယ်သည့်အိမ် ၅ အိမ် ၆ အိမ်ခန့်သာရှိသည်ဟုဆိုပါသည်။

တဘက်တွင်လည်း လောဝ်ပန်းကြီး ယန်ဆန်းမှာ လက်ရဲဇက်ရဲ တစ်ယောက်ဖြစ်ရာ အခြားအဖွဲ့များနှင့်မကျေနပ်မှုများ ရှိပြီး ဤကဲ့သို့ အချင်းချင်း ပစ်ခတ်ကြသည်အထိ ဖြစ်ရသည်ဟုဆို၏။ လွန်ခဲ့သော ယခုနှစ်သင်္ကြန်ကာလကစယ်လန့်မြို့ ၌ ဘိန်းကုန်သည် ၄ ယောက်ကို သတ်ဖြတ်ပြီး ထိုသူများ၏ ဘိန်းဖြူများ သိမ်းယူခဲ့သည်မှာ ယန်ဆန်း၏လက်ချက် ဖြစ်သည် ဟု မူဆယ်-နမ့်ခမ်း ကုန်သည် များက ပြောကြ၏။ စက်တင်ဘာ ၁၅ ရက်က လုပ်ကြံခံရသော အပစ်ရပ် မြောက်ပိုင်း SSA ဒုဥက္ကဌ- ဗိုလ်မှူးကြီး ကိုင်ဖှ၏ တူတော် သူ စိုင်းအောင်စီ (အသက် ၂၈ နှစ်) ၏အမှုတွင်လည်း လောဝ်ပန်းကြီး ယန်ဆန်းပါနေသည်ဟု အတည်မပြုနိုင်သော ရပ်ကွက်တွင်း သတင်းများအရသိရသည်။


No comments: