Wednesday, October 1, 2008

အပြစ်မဲ့ မွန်လူငယ်ကို နအဖ အရာရှိက ပစ်ခတ်

Kaowao

ယမန်နေ့က မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း ကိုးမိုင်ကျေးရွာ (ရေး - ထားဝယ် မော်တော်ကားလမ်းဘေး) တွင် ခလရ ၂၉၉ မှ ဗိုလ်ကြီး မျိုးဇော်ထွန်း ပစ်ခတ်မှုကြောင့် အသက် ၁၇ နှစ်ခန့်ရှိ မွန်လူငယ် မင်းလယီစွန်း ခါးလည်မှာ ဒဏ်ရာ အပြင်းအထန် ရရှိသွားပြီး ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

ဝါတွင်း ဥပုဒ်ရက်ကြီးခါကြီး၌ မွန်လူမျိုးတို့၏ ဓလေ့အတိုင်း မွန်လူငယ်များ ဘုန်တော်ကြီးကျောင်းများတွင် ဝေယျာဝစ္စ ပြုကြလေ့ရှိကြပြီး ယမန်နေ့ စက်တင်ဘာ ၂၉ ရက်နေ့ တော်သလင်းလကွယ်နေ့၊ နေ့လည်ပိုင်းတွင် အိမ်သို့ ပြန်လာစဉ် အဆိုပါ ဗိုလ်ကြီး မျိုးဇော်ထွန်းနှင့် ရဲဘော်တစ်ယောက် မင်းလယီစွန်းထံမှ မော်တော် ဆိုင်ကယ်ကို တောင်းရမ်းငှားယူပါသည်၊ မရ၍ သေနတ်ထုတ်ပြရာ မင်းလယီစွန်း ဆိုင်ကယ်ကို ထား၍ ထွက်ပြေးစဉ် ပစ္စတိုဒဏ် ခါးလည်ထိမှန် သွားခဲ့ရသည်၊ မိဘများက မိမိတို့အစီအစဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်သေးသော်လည်း လက်မခံ၍ တပ်အစီအစဉ်နှင့် ရေးမြို့ ဆေးရုံကြီးသို့ နေ့တွင်းချင်း ပို့ဆောင်လိုက်သည်။


စက်တင်ဘာ ၃၀ ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် ခွဲစိတ်ကုသမှုများ ပြုလုပ်ပြီးသည့်တိုင် စိတ်ချရသည့် အနေအထား မရှိသေးကြောင်း ဆွေမျိုးများ ပြောပြချက်အရ သိရသည်၊ သတိပြန်လည်ခဲ့သော်လည်း စကားပြောဆိုနိုင်ခြင်း မရှိသေးပေ။

မင်းလယီစွန်းသည် ကိုးမိုင်ရွာသား ဖြစ်၍ ဗမာစကား အသေအချာ နားမလည်သူတစ်ဦး ဖြစ်ပြီး ယင်းဗိုလ်ကြီးက သေနတ် ထုတ်ပြသောကြောင့် ကြောက်၍ ထွက်ပြေးခြင်း ဖြစ်ကြောင်း ရွာလူကြီးများ ရှင်းပြသည်။ ဤကိစ္စကြောင့် ရွာသားများအနေနှင့် အလွန် ဒေါသဖြစ်နေကြပါသည်ဟု ဆိုပါသည်။

ခလရ ၂၉၉ သည် အဆိုပါ ကိုးမိုင်ကျေးရွာ အနီးတွင် တပ်ရင်းရုံး အခြေစိုက်ပြီး ဗိုလ်ကြီး မျိုးဇော်ထွန်းသည် ဒေသခံ မွန်လူမျိုးများအပေါ် ရန်သူလို သဘောထား၍ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံသူဖြစ်ပြီး မူးယစ်လာလျှင် အလွန်ရမ်းကားသူ ဖြစ်သည်။

အလားတူဖြစ်ရပ်ကဲ့သို့ပင် လွန်ခဲ့သည့်နှစ်က ရေးမြို့နယ် မြောက်ပိုင်း၊ လမိုင်းမြို့နယ်ခွဲ၊ မော့ကနင်ရွာတွင် အခြေစိုက်သည့် ခမရ ၁၀၆ မှ မော်တော်ဆိုင်ကယ် တောင်းမရသဖြင့် သေနတ်ဖြင့် ပစ်ခတ်ရာ ရွာသားနှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါသည်။


No comments: